ပြီးခဲ့တဲ့ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲဟာ နိုင်ငံခေါင်းဆောင်ကို လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးကို ပေါ်လွင်စေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေးကို ခြိမ်းခြောက်မှု ဖြစ်စေတဲ့ အချက်ပေးသံတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
မြန်မာစစ်တပ်အပေါ် သံတမန်နည်းလမ်းအရ ဖိအားပေးမှုလျော့ကျလာခြင်း
ထရမ့်ရဲ့ ပထမအကျော့ သမ္မတသက်တမ်းမှာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကိစ္စတွေထက်စာရင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးနဲ့ ဗျူဟာမြောက်အကျိုးစီးပွားအတွက်သာ ပိုဦးစားပေးခဲ့တာ ထင်ထင်ရှားရှား တွေ့နိုင်ပြီး နိုင်ငံတကာ ဥပဒေတွေကို ထိန်းသိမ်းကာကွယ်မှု ပြုလုပ်ပေးတာ ရှားပါတယ်။ အခြားနိုင်ငံတွေမှာ သက်ဆိုင်ရာ ပြည်သူတွေရဲ့ ဆန္ဒကိုစတေးပြီး အဲဒီနိုင်ငံတွေက အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး တိုးမြှင့်တာတွေ မကြာခဏ ပြုလုပ်ခဲ့လေ့ရှိပါတယ်။ ထရမ့်ဟာ ဒီနည်းလမ်းကို ကုလသမဂ္ဂမှာလည်း ပြန်အသက်သွင်းမှာဖြစ်ပြီး ဒါဟာ ကမ္ဘာတစ်ဝှမ်းက အာဏာရှင်တွေကို သူတို့ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ သံတမန်ရေးအရ ဖိအားပေးတာတွေ နည်းနေပြီးသား အခြေအနေတစ်ခုကို ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်အပေါ် ဖိအားပေးတာတွေလည်း လျော့နည်းသွားဖို့ သေချာသလောက်ပါပဲ။ ဒါ့အပြင် မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံပေးပြီး သူတို့ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် လက်နက်ထောက်ပံ့တာနဲ့ နိုင်ငံရေးအရ အကာအကွယ်ပေးတာတွေ လုပ်နေတဲ့ တရုတ်နဲ့ ရုရှားတို့အတွက်လည်း အားတက်စရာ ဖြစ်စေပါလိမ့်မယ်။
သံတမန်ဖိအားတွေဟာ မြန်မာစစ်တပ်အပေါ် သက်ရောက်မှုသိပ်မရှိလှပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်မှုတွေ နည်းလာတာဟာ သူတို့ကို ဖိနှိပ်မှုတွေ ပိုလုပ်လာအောင် ရဲဆေးတင်ပေးသလို ဖြစ်စေနိုင်ပြီး မြန်မာပြည်သူတွေအတွက် ဆိုးရွားနေပြီးသား အခြေအနေတစ်ခုကို ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ အမေရိကန်နိုင်ငံ ဆီကလာတဲ့ ဖိအားတွေ နည်းသွားရင် လူ့အခွင့်အရေးကာကွယ်သူတွေ၊ သတင်းထောက်တွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ CSO တွေဟာ ဖမ်းဆီးထိန်းသိမ်းမှု၊ ထိပါးနှောက်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေ ကြုံနိုင်ခြေ ပိုပြီးလာနိုင်ပါတယ်။
တရုတ်ကို ပစ်မှတ်ထားခြင်း
ပထမသက်တမ်းတုန်းက ထရမ့်အစိုးရဟာ အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တန်ပြန်တွန်းလှန်ဖို့ အာရုံစိုက်ဆောင်ရွက်ခဲ့တာကို တွေ့ရပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ ဗျူဟာမြောက် အားပြိုင်မှုကို အဓိကဦးစားပေး ဆောင်ရွက်ခဲ့တာလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေး ရှိနေတာကြောင့် ခုလို ဒုတိယအကျော့ သမ္မတသက်တမ်းမှာ ထရမ့်အနေနဲ့ တရုတ်ကိုတန်ပြန်ဖို့ ပိုပြီးအာရုံစိုက်လာခဲ့မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံ အတိုက်အခံလှုပ်ရှားမှုတွေကို အမေရိကန်နိုင်ငံက ထောက်ပံ့မှုတွေ ပိုပေးလာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒါပေမယ့် ဒီအကူအညီတွေဟာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အဆုံးသတ်ရေး၊ ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးနဲ့ လူမှုအသိုင်းအဝိုင်း ပြန်လည်တည်ဆောက်ရေး စတဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့မဟုတ်ပဲ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိဖို့သာ အဓိကဦးတည်ပြီး ထောက်ပံ့ပေးတာမျိုး ဖြစ်ဖို့များပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း အခြားနိုင်ငံတွေရဲ့အရေးကိစ္စတွေမှာ အမေရိကန်နိုင်ငံက ပါဝင်ပတ်သက်တာတွေကို လျော့ချသွားဖို့ လိုလားတယ်လို့ ထရမ့်က ပြောခဲ့တာကြောင့် မြန်မာ့အရေးကိစ္စနဲ့ပတ်သက်ပြီး အလုံးစုံ လက်လွှတ်လိုက် တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအခါ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုလုပ်ဖို့ အခွင့်အလမ်း ပိုများလာနိုင်ပါတယ်။ ဒီအခြေအနေဟာ မြန်မာနိုင်ငံကို ကမ္ဘောဒီယားတို့ လာအို တို့လို တရုတ်ရဲ့ ဖောက်သည်နိုင်ငံတွေ ဖြစ်လာဖို့ တွန်းပို့မှုဖြစ်စေနိုင်ပြီး တရုတ်ရဲ့ လွှမ်းမိုးမှု ကျယ်ပြန့်လာတဲ့အလျှောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ပိုများလာနိုင်ပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ရန်ပုံငွေလျော့နည်းလာခြင်းနှင့် ရန်ပုံငွေဦးတည်ချက်ပြောင်းလဲလာခြင်း
ထရမ့်အစိုးရ ပထမသက်တမ်းမှာ ကျန်းမာရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ လုပ်ကိုင်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ အတွက်ပေးတဲ့ ရန်ပုံငွေတွေ အပါအဝင် နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေတွေကို သိသိသာသာ လျော့ချခဲ့ပါတယ်။ ဖြတ်တောက်မှုတွေ ထပ်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် ကွန်ဂရက်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှု နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရဲ့ ထိရောက်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ အမေရိကန်ကပေးတဲ့ ရန်ပုံငွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကပေးတဲ့ တစ်ဆင့်ခံရန်ပုံတွေအပေါ် မှီခိုနေရတာကြောင့် ရန်ပုံငွေ ဖြတ်တောက်မှုတွေဟာ မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပေါ်လည်း သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ရန်ပုံငွေနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေဟာ အကောင်အထည်ဖော်ဖို့ အချိန်ကြာနိုင်တယ် ဆိုပေမယ့်၊ မြန်မာ့အရေးမူဝါဒကိုလည်း ယေဘုယျအားဖြင့် ကွန်ကရက်ကသာ ဦးဆောင်တယ် ဆိုပေမယ့် ဘယ်လို ထောက်ပံ့မှု လျော့ချတာမျိုး ဒါမှမဟုတ် နှောင့်နှေးမှုမျိုးမဆို လူ့အခွင့်အရေးချိုးဖောက်မှု စောင့်ကြည့်ရေး၊ လူသားချင်း စာနာမှုအကူအညီပေးဝေရေး နဲ့ ဖယ်ကြဉ်ခံအုပ်စုတွေအတွက် စည်းရုံးလှုံဆော်ရေး စတာတွေနဲ့ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို ဟန့်တားမှုတွေ မလွဲမသွေ ဖြစ်စေမှာဖြစ်ပါတယ်။
ထရမ့်အစိုးရသစ်ဟာ ရန်ပုံငွေပေးတဲ့အခါ အယူဝါဒ အခြေပြု ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှု/ဘာသာရေးအခြေပြု အဖွဲ့အစည်းတွေအတွက် ပိုပြီးဦးတည်ပေးတာမျိုး ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးအခြေပြု လူမှုအသိုင်းအဝိုင်းတွေ ရေရှည်ရပ်တည်လာတဲ့ အစဉ်အလာ ရှိပေမယ့် အမေရိကန်နိုင်ငံဟာ အကူအညီပေးတဲ့အခါ အချို့ဘာသာတွေကိုသာ မြှင့်တင်ဖို့ ထက်စာရင် မြေပြင်လိုအပ်ချက်တွေအတွက်သာ ပထမဆုံး ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အကူအညီထဲက ခိုင်မာတဲ့ပမာဏတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေအတွက် အပါအဝင် မြန်မာဒုက္ခသည်တွေကို အကူအညီပေးဖို့ လျာထားပါတယ်။ ဒါပေမယ့် ထရမ့်ဟာ ဒုက္ခသည်ဆန့်ကျင်ရေးနဲ့ မွတ်စလင် ဆန့်ကျင်ရေး အားပေးမှုတွေ လုပ်ခဲ့တဲ့ မှတ်တမ်းရှိတာကြောင့် ဒီအကူအညီတွေကို ရုပ်သိမ်းနိုင်ခြေ ဒါမှမဟုတ် လျော့ချနိုင်ခြေလည်း ရှိနေပြီး ဖယ်ကြဉ်ခံအုပ်စုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရာမှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်သလို တတိယနိုင်ငံမှာ ပြန်လည်နေရာချထားဖို့ အခွင့်အလမ်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
နိုင်ငံတကာ တာဝန်ယူမှုတာဝန်ခံမှုယန္တရားများအတွက် ထောက်ပံ့မှုလျော့နည်းလာခြင်း
ပထမအကျော့မှာ ထရမ့်အစိုးရဟာ မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့ပေမယ့် လူ့အခွင့်အရေးနဲ့ တာဝန်ယူမှုတာဝန်ခံမှုကို ထိန်းသိမ်းမြှင့်တင်ပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ထောက်ပံ့မှုတွေ ရုပ်သိမ်းတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တကယ်လို့ ဒါမျိုး နောက်တစ်ကြိမ် ထပ်လုပ်လာမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ IIMM ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၊ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံး စသဖြင့် လက်ရှိမြန်မာစစ်ခေါင်းဆောင်တွေကို ခြိမ်းခြောက်နေတဲ့ တာဝန်ယူမှုတာဝန်ခံမှုယန္တရားတွေအတွက် အမေရိကန်ရဲ့ အားပေးထောက်ခံမှုတွေ နည်းသွားနိုင်ပါတယ်။
နိုင်ငံတကာ တာဝန်ယူမှုတာဝန်ခံမှု ယန္တရားတွေဟာ ပြည်တွင်းတရားရုံးတွေထက်စာရင် နှေးကွေးကြပြီး အကန့်အသတ်တွေလည်း များတယ်ဆိုပေမယ့် လူ့အခွင့်အရေး မှတ်တမ်းတင်မှု၊ တရားစီရင်ရေးအတွက် လိုအပ်တဲ့ သက်သေအချက်အလက် စုဆောင်းမှု နဲ့ အနာဂတ် တရားရေးလုပ်ငန်းစဉ် တည်ဆောက်မှုအတွက်ဆိုရင် လက်ရှိမှာ ဒီနည်းလမ်းတွေကလွဲပြီး အခြားမရှိပါဘူး။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအရေး ကြိုးပမ်းချက်များကို အားလျော့စေခြင်း
ထရမ့်အစိုးရဟာ ပထမသက်တမ်းမှာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ကြိုးပမ်းချက်တွေကို လျော့ချခဲ့ပြီး ကမ္ဘာ့ရာသီဥတုဆိုင်ရာ သဘောတူစာချုပ်တွေကနေလည်း နှုတ်ထွက်ခဲ့ပါတယ်။ ခုတစ်ခါ ဒုတိယ တစ်ကျော့ပြန် သက်တမ်းမှာလည်း ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေ ပိုဆိုးလာနေတဲ့ကြားက ရာသီဥတုအရေး နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုတွေကို ပိုအားနည်းစေဖို့သာ ထပ်ပြီးဆောင်ရွက်သွားနိုင်ခြေ များပါတယ်။ မြန်မာနိုင်ငံဟာ ပိုမိုဆိုးရွားလာနေတဲ့ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်စွမ်း အလွန်နည်းတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ရာသီဥတုနဲ့ ဆက်စပ်တဲ့ ဘေးအန္တရာယ်တွေကိုလည်း မကြာခဏ ကြုံတွေ့ရလေ့ ရှိတာကြောင့် ဒါဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်ကို ကြည့်လိုက်ရင် နိုင်ငံတကာစင်မြင့်မှာ ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အရေးတကြီး လိုအပ်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရာသီဥတုအပြောင်းအလဲကို အံတုနိုင်စွမ်း ပိုမိုအားကောင်းအောင် ဆောင်ရွက်ပေးနိုင်ဖို့ အရင်းအမြစ်တွေ လိုအပ်နေကြောင်း တွေ့နိုင်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ထောက်ပံ့မှုတွေ လျော့ချလိုက်ရင် ရာသီဥတုအရေးနဲ့ပတ်သက်ပြီး ရရှိနိုင်တဲ့ အရင်းအမြစ်တွေ လျော့နည်းသွားနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းကြိုးပမ်းမှုတွေကို နှောင့်နှေးမှု ဖြစ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံဟာလည်း ရာသီဥတုကြောင့်ဖြစ်တဲ့ ကပ်ဘေးဒဏ်နဲ့ နောက်ဆက်တွဲ လူသားချင်းစာနာမှုအကျပ်အတည်းဒဏ်ကို ပိုပြီးခံရနိုင်ပါတယ်။
အကြံပြုချက်များ
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှန်သမျှဟာ ဝမ်းသာစရာတစ်ခုဖြစ်ပေမယ့် ထရမ့်အစိုးရဟာ ပထမသက်တမ်းမှာ ကမ္ဘာ့လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ဖြစ်စေခဲ့ပါတယ်။ အလားတူ ခုတစ်ကြိမ် ဒုတိယ သက်တမ်းမှာလည်း မြန်မာနိုင်ငံအတွက် အလွန်စိုးရိမ်ဖွယ်ရာတွေ ဖြစ်စေပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအတိုက်အခံဖွဲ့တွေနဲ့ ပြည်ပနိုင်ငံအစိုးရတွေ အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့အားလုံးဟာ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို အသိအမှတ်ပြုပြီး ဒါတွေကိုချေဖျက်နိုင်ဖို့ အချင်းချင်းကြား တိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်သွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်း မယိမ်းယိုင်သွားအောင် ကာကွယ်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာအစုအဖွဲ့တွေအနေနဲ့ အမေရိကန်နိုင်ငံဘက်က မြန်မာစစ်တပ်အပေါ် သံတမန်နည်းလမ်းအရ ဆက်လက်ဖိအားပေးမှုတွေလုပ်ဖို့နဲ့ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ စည်းရုံးတိုက်တွန်းမှုတွေ ပြုလုပ်သင့်ပါတယ်။
နောက်ထပ် ထပ်တူအရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ အမေရိကန်နိုင်ငံကပေးတဲ့ ရန်ပုံငွေတွေကို မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရေးအတွက်သာ အဓိကဆက်လက် ဦးစားပေးသုံးစွဲစေအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဆိုလိုတာက ဒေသခံ CSO တွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး တို့လို နိုင်ငံတကာ တာဝန်ယူမှုတာဝန်ခံမှုယန္တရားတွေကို ဆက်လက်ပံ့ပိုးမှုပေးအောင် ကြိုးပမ်းဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာအစုအဖွဲ့တွေဟာ ကြုံလာတဲ့ စိန်ခေါ်မှုအသစ်တွေကြားမှာ အတူတကွ လက်တွဲဆောင်ရွက်ခြင်းအားဖြင့် မြန်မာအရပ်ဘက်လူမှု အသိုင်းအဝိုင်းရဲ့ ရင်ဆိုင်အံတုနိုင်စွမ်း ခိုင်မြဲစေဖို့ အထောက်အကူပေးနိုင်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ ဆောင်ရွက်နိုင်ပါတယ်။ Disclaimer အထက်ပါ ဆောင်းပါးသည် မူရင်းစာရေးသူ၏ အာဘော်သာဖြစ်ပြီး ဆောင်းပါးရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေးအပ်ပါသည်။